International News

သွင်းကုန်များကျဆင်းလာမှုကြောင့် မတ်လသုံးလပတ်တွင် အိန္ဒိယနိုင်ငံ၏သာမန်စာရင်းလိုငွေကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ပြည်ပငွေပေးငွေယူရှင်းတမ်းသာမန်စာရင်းလိုငွေပြမှု(CAD)သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလပတ်အတွင်း GDP ၏ ၀ ဒဿမ ၂ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားကြောင်း သိရသည်။ ကုန်သွယ်မှုကွာဟချက်နည်းပါးခြင်းနှင့် ဝန်ဆောင်မှုများ တိုးမြှင့်တင်ပို့ခြင်းတို့ကြောင့် စျေးကွက်မှမျှော်မှန်းထားသည်ထက် များစွာနိမ့်ကျလျက်ရှိသည်ဟုဆိုသည်။သို့သော် ၂၀၂၃ ဘဏ္ဍာနှစ်၏ CAD သည် GDP ၏ ၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ဘဏ္ဍာနှစ်က GDP ၏ ၁ ဒဿမ ၂ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ မတ်လသုံးလပတ်အတွင်း နိုင်ငံခြားမှ ငွေလွှဲပြောင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၆ ဘီလီယံရှိခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ် စတုတ္ထသုံးလပတ်ထက် ၂၁ ရာခိုင်နှုန်း နီးပါးမြင့်မားခဲ့သည်။

အိန္ဒိယဗဟိုဘဏ်မှထုတ်ပြန်သော အချက်အလက်များအရ မတ်လသုံးလပတ်အတွင်း သာမန်စာရင်းလိုငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံအထိ နည်းပါးသွားသည်ဟု ခန့်မှန်းထားသည်။ ၎င်းမှာ ဂျီဒီပီ၏ ၀ ဒဿမ ၂ ရာခိုင်နှုန်းရှိပြီး၊ လွန်ခဲ့သောနှစ် ကာလတူတွင် ၁၃ ဒဿမ ၄ ဘီလီယံ၊ ခန့်မှန်းခြေ GDP ၏ ၁ ဒဿမ ၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အဆိုပါနှစ်တွင် သွင်းကုန်နှင့် ဝန်ဆောင်မှုပို့ကုန်များ နှေးကွေးလာကာ ကုန်သွယ်မှုလိုငွေကျဉ်းမြောင်းလာခြင်းနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ တစ်နှစ်တာလုံးအတွက် CAD သည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၃၈ ဒဿမ ၇ ဘီလီယံ၊ GDP ၏ ၁ ဒဿမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် GDP ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံသို့ တိုးမြင့်လာခဲ့သည်။

ယင်းသည် ကုန်သွယ်မှုလိုငွေမြင့်မားခြင်းအပေါ် အများဆုံးတည်မှီလျက်ရှိပြီး၊ ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်က ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၈၉ ဒဿမ ၅ ဘီလီယံရှိခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ၂၆၅ ဘီလီယံအထိ ကျယ်ပြန့်လာမည်ဟု ခန့်မှန်းထားသည်။ သာမန်စာရင်းလက်ကျန်ငွေသည် ပို့ကုန်နှင့် သွင်းကုန်၊ ပြည်တွင်းနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်၊ နိုင်ငံတွင်းနှင့်နိုင်ငံပြင်ပသို့ ငွေလွှဲပြောင်းမှုများအကြားကွာဟချက်ကို တိုင်းတာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ပြည်ပငွေပေးငွေယူစာရင်းလက်ကျန်(BoP)အရ ယခုသုံးလပတ်တွင် အမေရိကန် ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံ ပိုငွေပြလျက်ရှိပြီး ယခင်သုံးလပတ်က ပိုငွေဒေါ်လာ ၁၁ ဒဿမ ၁ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ် ကာလတူတွင် ဒေါ်လာ ၁၆ ဘီလီယံ လိုငွေပြခဲ့သည်ဟု ဆိုသည်။ ကုန်စည်စျေးနှုန်းများကျဆင်းနေမှုကိုကြည့်၍ နောက်ထပ်တိုးတက်မှုများရှိလာမည်ဟု မျှော်လင့်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုအားနည်းလျက်ရှိသဖြင့် နိုင်ငံ၏ကုန်ပစ္စည်းတင်ပို့မှု ကျဆင်းနေမည်ဟု ယူဆကြောင်း၊ ယေဘုယျအားဖြင့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် CAD ကို ၁ ဒဿမ ၂၁ ၊ GDP ၏ ၆ ရာခိုင်နှုန်း အတွင်းရှိမည်ဟု မျှော်လင့်ထားကြောင်း Baroda ဘဏ်မှ စီးပွားရေးပညာရှင် Aditi Gupta က ပြောကြားခဲ့သည်။

Crisil မှ ဘောဂဗေဒပညာရှင် DK Joshi က ကုန်စည်ကုန်သွယ်မှုလိုငွေပြမှုသည် တစ်ဖန်ပြန်လည်ကျယ်ပြန့်လာခဲ့ပြီး၊ ဝန်ဆောင်မှုကုန်သွယ်မှု၏ ပိုငွေအနည်းငယ်လျော့ကျသွားသောကြောင့် ၂၀၂၄ ခုနှစ် ပထမလေးလပတ်တွင် CAD မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသော အိန္ဒိယလူမျိုးများ၏ ပြည်တွင်းသို့ငွေလွှဲပြောင်းမှုများသည် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကငွေလွှဲပြောင်းမှု အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ဖြတ်ကျော်သွားခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှ နည်းပညာရှင်များနှင့် ပါရှန်းပင်လယ်ကွေ့ရှိ အလုပ်သမားများက ပြည်တွင်းမှ ၎င်းတို့၏မိသားစုဝင်များထံသို့ ပေးပို့သည့်ငွေပမာဏစုစုပေါင်း ဒေါ်လာ ၁၁၂ ဘီလီယံကျော် ရှိကြောင်း ယခုလ ၂၇ ရက်နေ့က အိန္ဒိယဗဟိုဘဏ်(RBI)က ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြထား သည်။

ဘောဂဗေဒပညာရှင်များနှင့် ဗဟိုဘဏ်တို့က အိန္ဒိယနိုင်ငံ၏လက်ရှိဘဏ္ဍာရေးနှစ်အတွင်း စီးဆင်းမှုအပေါ် အပြုသဘောယူဆလျက်ရှိကြပြီး၊ အမေရိကန်နှင့် ဥရောပတို့၏ စီးပွားရေးနှေးကွေးလာမှုက ငွေလွှဲလုပ်ငန်းများအပေါ် သက်ရောက်မှုမရှိနိုင်ဟု ခုခံခြေပပြောဆိုလျက်ရှိကြောင်း သိရသည်။

ရည်ညွှန်း။ The Times of India

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

Category: International News